လွှတ်တော်အသေးစိတ်
မွန်ပြည်နယ်လွှတ်တော်
Mon State Hluttaw
အစိုးရပေါ်တယ်၏ ဤလွှတ်တော်မိတ်ဆက်စာပါ အချက်များကို မချန်လှပ်ဘဲ ဖော်ပြထားသည်။ ဘာသာပြန်သည် ကိုးကားရန်ဖြစ်သည်။
ဤစာမျက်နှာ၏ မာတိကာ
မွန်ပြည်နယ်လွှတ်တော် / Mon State Hluttaw
မွန်ပြည်နယ်လွှတ်တော် ဖွဲ့စည်းပုံ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၀ နိုဝင်ဘာလတွင် တစ်နိုင်ငံလုံးအထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ၂၀၁၁ ဇန်နဝါရီ ၃၁ ရက်တွင် စတင်ခဲ့သည်။ မြို့နယ် ၁၀ ခုမှ တစ်မြို့နယ်လျှင် နှစ်ဦးစီဖြင့် ၂၀ ဦး၊ ဗမာတိုင်းရင်းသား ၁ ဦး၊ ကရင်တိုင်းရင်းသား ၁ ဦးနှင့် ပအိုဝ်းတိုင်းရင်းသား ၁ ဦး ပါဝင်သည်။ တိုင်းရင်းသားကိုယ်စားလှယ်များသည် ပြည်နယ်တွင်နေထိုင်ပြီး လူမျိုးတစ်မျိုးစီ၏ လူဦးရေက နိုင်ငံလူဦးရေစုစုပေါင်း၏ ၀.၁ ရာခိုင်နှုန်းကျော်ရှိသော လူနည်းစုများကို ကိုယ်စားပြုသည်။ ရွေးကောက်ခံ ၂၃ ဦးနှင့် ယင်း၏သုံးပုံတစ်ပုံဟု မူရင်းက ဖော်ပြသော တပ်မတော်သား ၈ ဦး၊ စုစုပေါင်း ၃၁ ဦးဖြစ်သည်။ သက်တမ်းတစ်ကြိမ်လျှင် ၅ နှစ်ဖြစ်သည်။
၂၀၁၁ ဇန်နဝါရီ ၃၁ မှ ၂၀၁၆ ဇန်နဝါရီ ၃၀ အထိ ပထမသက်တမ်းတွင် ကော်မတီ ၅ ခု ဖွဲ့စည်းခဲ့သည်။ ဒုတိယသက်တမ်းတွင် ကိုယ်စားလှယ်စိစစ်ရေး၊ ဥပဒေပြုရေး၊ တိုင်းရင်းသားရေးရာ၊ တိုင်ကြားစာ၊ အသနားခံစာ၊ အစီရင်ခံစာနှင့် အထွေထွေကိစ္စများစိစစ်ရေး၊ ပြည်နယ်အစိုးရ၏ အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်များစိစစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးရာစိစစ်ရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဟူသော ကော်မတီ ၈ ခု ဖွဲ့စည်းခဲ့သည်။
လုပ်ငန်းတာဝန်များ
မွန်ပြည်နယ်လွှတ်တော်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ [မူရင်း၌ State Constitution ဟု ရေးထား] နှင့်အညီ ရေးဆွဲရမည့် ဥပဒေကြမ်းများ တင်သွင်း၊ ဆွေးနွေး၊ အတည်ပြုခြင်း။
ပြဋ္ဌာန်းထားသော ဥပဒေများကို သက်ဆိုင်ရာအဖွဲ့အစည်းများက အကောင်အထည်ဖော်မှု စောင့်ကြည့်ခြင်း။
မဲဆန္ဒရှင်များနှင့် အလွှာအသီးသီးမှ လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြု၍ ပြည်သူ့လိုအပ်ချက်နှင့် အခက်အခဲများကို ဖြည့်ဆည်းဖြေရှင်းခြင်း။
ရည်မှန်းချက်များ
ပြည်သူနှင့် စဉ်ဆက်မပြတ်ထိတွေ့၍ ကိုယ်စားပြုရန်၊ ဥပဒေပြုရေးနှင့် လွှတ်တော်အစည်းအဝေး အရည်အသွေးမြှင့်တင်ရန်၊ ကော်မတီစွမ်းရည်မြှင့်၍ စောင့်ကြည့်ရေးပိုမိုထိရောက်ရန်၊ ကိုယ်စားလှယ်၊ ဝန်ထမ်းနှင့် ကော်မတီဝင်များ၏ စွမ်းရည်မြှင့်တင်ရန် ရည်မှန်းသည်။
မျှော်မှန်းချက်
ပြည်သူယုံကြည်သော အားကောင်းသည့် လွှတ်တော်အဖွဲ့အစည်း ပေါ်ပေါက်၍ တရားဥပဒေစိုးမိုးရေးနှင့် ပတ်ဝန်းကျင်မထိခိုက်သော ရေရှည်ဖွံ့ဖြိုးရေးကို ကြီးကြပ်ပြီး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး၏ လူမှုဘဝအဆင့်အတန်း မြှင့်တင်ရေးကို ပံ့ပိုးရန်ဖြစ်သည်။
ရည်ရွယ်ချက်
ပြည်သူအားလုံးကို ထိရောက်စွာကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်းနှင့် အုပ်ချုပ်ရေးအဖွဲ့များ၏ လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် ဘဏ္ဍာသုံးစွဲမှုကို စောင့်ကြည့်ခြင်းဖြစ်သည်။
ဝက်ဘ်ဆိုက်
SOURCES & REVIEWရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
အစိုးရပေါ်တယ်ရှိ ဤလွှတ်တော်မိတ်ဆက်စာ၏ စာသားအချက်များအားလုံးကို ဖော်ပြထားသည်။ ထပ်နေသောစာသားနှင့် ကိန်းဂဏန်းကွဲလွဲမှုများကိုလည်း မဖယ်ရှားထားပါ။ ပေါ်တယ်မှ လင့်ခ်ချိတ်ထားသည့် အခြားဝက်ဘ်ဆိုက်များ၏ စာမျက်နှာအားလုံး မပါဝင်ပါ။
မူရင်းပြင်ဆင်ရက် — အတည်မပြုနိုင်ပါ
Nagani စစ်ဆေးရက် · 2026-10-18
မူရင်းဘာသာစကား · အင်္ဂလိပ်