
အဖွဲ့အစည်းအသေးစိတ်
သာသနာရေးဝန်ကြီးဌာန
Ministry of Religious Affairs
ဤစာမျက်နှာ၏ မာတိကာ
ဖော်ပြထားသော မိတ်ဆက်စာ
သာသနာရေးဝန်ကြီးဌာန
သာသနာရေးဝန်ကြီးဌာနဖြစ်ပေါ်လာပုံနှင့်သမိုင်းအကျဉ်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီကပင် သာသနာ့ ရေးရာအဖြာဖြာကို ဆောင်ရွက် နိုင်ရန်အတွက် သာသနာရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်တွင် သာသနာရေးဝန်ကြီးဌာနသည် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန လက်အောက်၌ ဦးစီးဌာနအသွင်ဖြင့် သာသနာရေးကိစ္စရပ်များကို အောက်ပါ ၇ ဌာနဖြင့် ဆောင်ရွက်ခဲ့ပါသည်-
(၁) သာသနာရေးဝန်ကြီးဌာနအတွင်းဝန်ရုံး
(၂) သာသနာ့ညွှန်ကြားရေးဝန်ဌာနခွဲ
(၃) ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယဌာနခွဲ
(၄) ပါဠိပညာရေးဌာနခွဲ
(၅) ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(၆) ဗုဒ္ဓသာသနာ့အဖွဲ့
(၇) တိပိဋကဓရရွေးချယ်ရေးအဖွဲ့
၁၉၇၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် အုပ်ချုပ်ရေးစနစ်သစ်ပေါ်ထွန်းလာမှုအရ အဆိုပါ ၇ ဌာနကို ပူးပေါင်း၍ သာသနာရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ တစ်ဖန်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ထေရဝါဒဗုဒ္ဓသာသနာကို ပြည်တွင်းပြည်ပတို့၌ထွန်းကားပြန့်ပွားစေရေးအတွက် ၁၉၉၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနဟူ၍ ဦးစီးဌာနအသစ်ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနအောက်တွင် အထက်ပါအတိုင်း သာသနာရေးဦးစီး ဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ၂ ဌာနဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၂၀-၃-၁၉၉၂ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၂၃/၉၂)အရ ၂၁-၃-၁၉၉၂ ရက်နေ့မှစ၍ သာသနာရေးဝန်ကြီးဌာနဟု သီးခြားဝန်ကြီးဌာန တစ်ဌာနအဖြစ် ဖွဲ့စည်း စေခဲ့ပါသည်။ ထိုသို့ သာသနာရေးဝန်ကြီးဌာနအနေဖြင့် သီးခြားဝန်ကြီးဌာနဖွဲ့စည်းချိန်တွင် သာသနာရေး ဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနဟူ၍ ဦးစီးဌာန ၂ ဌာနသာ ရှိပါသည်။ သို့ရာတွင် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအား သင်ယူလေ့ကျင့်စေရေးအတွက် တစ်ကမ္ဘာလုံး၌ ဗြဟ္မစိုရ်တရားထွန်းကား၍ ငြိမ်းချမ်းသောလောကဖြစ်စေရန်နှင့် ပိဋကတ်စာပေကျွမ်းကျင်နှံ့စပ်သည့် ပုဂ္ဂိုလ်များတိုးပွားလာစေရန် ၂၅-၆-၉၈ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၂/၉၈) ဆုံးဖြတ်ချက်အရ သာသနာရေးဝန်ကြီးဌာနအောက်တွင် “အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်” ကို အသစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။
၂၀၁၅ ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို ပူးပေါင်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန ၅ ခုနှင့် တက္ကသိုလ် ၃ ခုတို့ဖြင့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကို သာသနာရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန ၂ ခု၊ တက္ကသိုလ် ၃ ခုတို့ဖြင့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ပါသည်-
(က) ပြည်ထောင်စုဝန်ကြီးရုံး
(ခ) သာသနာရေးဦးစီးဌာန
(ဂ) သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
- နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
- နိုင်ငံတော်ပရိယတ္တိသာနာ့တကက္ကသိုလ်(မန္တလေး)
(ဃ) အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
မူဝါဒများ
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားတိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုရန်နှင့် ဘာသာဝင်များအချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင်နိုင်ရန် ကူညီစောင့်ရှောက်ရေး၊
၂။ ဗုဒ္ဓဘာသာ သာသနာတော်ကိုသန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားစေရန်နှင့် ဂိုဏ်းပေါင်းစုံသံဃာတော်များ ညီညွတ်ရန် ထောက်ပံ့ကူညီဆောင်ရွက်ရေး၊
၃။ နိုင်ငံသားအားလုံးကိုယ်ကျင့်တရားကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေး စီမံဆောင်ရွက်ရန်နှင့် အပြည်ပြည်ဆိုင်ရာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအားပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး။
ဆက်သွယ်ရန်လိပ်စာ
ရုံး(၃၁)၊ သာသနာရေးဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်
၀၆၇၃-၄၀၆၁၅၇, ၀၆၇၃-၄၀၆၄၉၅
Website လိပ်စာ
www.mora.gov.mm(ဝန်ကြီးရုံး)
www.mahana.org.mm(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့)
www.dra.gov.mm(သာသနာရေးဦးစီးဌာန)
www.dpps.gov.mm(သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန)
www.kbrl.gov.mm(ကမ္ဘာအေးဗုဒ္ဓသုတေသနစာကြည့်တိုက်)
www.spsuygn.edu.mm(နိုင်ငံတာ်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
www.spsumdy.edu.mm(နိုင်ငံတာ်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)
www.itbmu.org.mm(အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်)
SOURCES & REVIEWရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
ရင်းမြစ်နှင့် ဖတ်ရှုရန်မှတ်ချက်
အမျိုးအစား ၈ ခုနှင့် အဖွဲ့အစည်း ၅၀ ၏ ပေါ်တယ်ပါစာသား၊ ဇယား၊ ပုံနှင့်လင့်ခ်များကို ထည့်သွင်းထားသည်။ ပြင်ပဌာနဝက်ဘ်ဆိုက်များနှင့် ပူးတွဲစာရွက်စာတမ်းများ၏ အကြောင်းအရာအပြည့်အစုံ မပါဝင်ပါ။
ပုံများသည် အစိုးရပေါ်တယ်မှ မူရင်းပုံများဖြစ်သည်။ ပုံအတွင်းရှိစာသားကို ဘာသာမပြန်ထားပါ။
Nagani မှ ရယူသည့်ရက် · 2026-10-18
အစိုးရပေါ်တယ် မူရင်း ↗